Market က ခင်ဗျားရဲ့အမြင်ကို ဂရုမစိုက်ပါဘူး။

တစ်ရက်က ကျွန်တော့်ကျောင်းသားတစ်ယောက် လာမေးတယ်။

“ဆရာနိုး၊ Market က အကျဘက်သွားနေတာကို ကျွန်တော် RC ဆွဲထားတာ။ ဘာလို့ ပြန်မတက်ဘဲ ဆက်ကျသွားတာလဲ။ ဘာကြောင့်လဲ” တဲ့။

ဒါက Live Trading မှာ ဖြစ်ခဲ့တာမဟုတ်ပါဘူး။ Backtesting လုပ်နေတဲ့အချိန်မှာ ဖြစ်ခဲ့တာပါ။

ကျွန်တော်က ပြန်မေးလိုက်တယ်။

“ဒါဆို RC မဟုတ်ဘဲ CC ကို ပြောင်းဆွဲကြည့်ပြီး အကျဘက် ဆက်လိုက်ကြည့်ပါလား” လို့။

သူက ပြန်ပြောတယ်။

“မဟုတ်ဘူးလေ ဆရာနိုး၊ RC ပေါ်နေတာဆိုတော့ သူက ပြန်တက်ရမှာပေါ့” တဲ့။

သူနဲ့ စကားပြောနေရင်း ကျွန်တော် ပြုံးမိတယ်။

ဘာလို့လဲဆိုတော့ ဒီလိုအတွေးမျိုးက Trading စလေ့လာတဲ့သူတွေမှာ အတော်လေး တွေ့ရတတ်တဲ့ အတွေးမျိုးဖြစ်နေလို့ပါပဲ။

ကျွန်တော် ကျောင်းသားတွေကို Backtesting လုပ်ခိုင်းတဲ့အခါ Bar Replay သုံးပြီး မှားလား၊ မှန်လားဆိုတာကို အဓိကထား စမ်းသပ်ခိုင်းတာ မဟုတ်ပါဘူး။

Win Rate ဘယ်လောက်ရှိလဲ၊ ဘယ်နှကြိမ်မှန်လဲ၊ ဘယ်နှကြိမ်မှားလဲဆိုတာကိုလည်း အစပိုင်းမှာ အဓိကထား မတွက်ခိုင်းပါဘူး။

ကျွန်တော် အရင်ဆုံးလုပ်ခိုင်းတာက Historical Data တွေမှာ Market ရဲ့ Movement တွေကို လေ့လာပြီး ကိုယ်မြင်နေရတဲ့ Market Structure နောက်ကို ဘယ်လို Follow လုပ်ရမလဲဆိုတာ သင်ယူဖို့ပါပဲ။

ဘာကြောင့်လဲ။

ခုနက ကျောင်းသားလေး ပြောသလိုပေါ့။

“RC ဖြစ်နေတာကို ဘာလို့ ပြန်မတက်တာလဲ” ဆိုတဲ့ မေးခွန်းမျိုး။

တကယ်တော့ Market က ခင်ဗျားရဲ့အမြင်ကို ဂရုမစိုက်ပါဘူး။

ခင်ဗျား RC လို့ သတ်မှတ်ထားတိုင်း Market က ပြန်တက်ပေးရမယ်ဆိုတဲ့ တာဝန်မရှိပါဘူး။

RC အဖြစ် မလုပ်ဆောင်ဘဲ အကျဘက် ဆက်သွားနေတယ်ဆိုရင် CC အဖြစ် ပြန်လည်သုံးသပ်ဖို့ လိုအပ်နေတာလည်း ဖြစ်နိုင်ပါတယ်။

ပြဿနာက Market မဟုတ်ပါဘူး။

ကျွန်တော်တို့ရဲ့ အမြင်ကို ကျွန်တော်တို့ကိုယ်တိုင် ပြန်မပြင်ချင်တဲ့ စိတ်ပါပဲ။

ကိုယ်ဆွဲထားတဲ့ Analysis က မှားနိုင်တယ်ဆိုတာကို လက်မခံနိုင်ဘူး။

ကိုယ်မျှော်လင့်ထားသလို မဖြစ်လာရင် Market ကိုပဲ မေးခွန်းထုတ်တယ်။

“ဘာလို့ မတက်တာလဲ။”

“ဘာလို့ ဆက်ကျသွားတာလဲ။”

“ငါဆွဲထားတာ မှန်နေတာပဲ၊ ဘာလို့ အလုပ်မလုပ်တာလဲ။”

ဒီနေရာမှာ ကျွန်တော်တို့ သတိထားရမယ့်အရာတစ်ခု ရှိပါတယ်။

အဲဒါက အတ္တစိတ် ပါပဲ။

Trading မှာ ကြောက်ဖို့ကောင်းတာက Analysis မှားသွားတာ မဟုတ်ပါဘူး။

ကိုယ်မှားနေတာကို လက်မခံနိုင်တော့တဲ့ စိတ်က ပိုပြီး ကြောက်ဖို့ကောင်းတာပါ။

Backtesting လုပ်နေတဲ့အချိန်မှာတောင် Market ရဲ့ Movement နောက်ကို လိုက်ပြီး ကိုယ့်အမြင်ကို မပြောင်းလဲနိုင်သေးဘူးဆိုရင် Live Trading မှာ ပိုပြီး ခက်ခဲလာနိုင်ပါတယ်။

ဒါကြောင့် ကျွန်တော် လေ့လာသူတွေကို ပြောချင်တာက—

ဖြစ်ပြီးသား Historical Market ကို ပြန်လေ့လာတဲ့အခါ

Market က တက်နေရင် ဘယ်လို Structure တွေကြောင့် တက်နေတာလဲ၊ အဲဒီတက်နေတဲ့ Movement နောက်ကို ဘယ်လိုလိုက်ဝယ်နိုင်ခဲ့မလဲဆိုတာ စဉ်းစားကြည့်ပါ။

Market က ကျနေရင်လည်း ဘယ်လို Structure တွေကြောင့် ကျနေတာလဲ၊ အဲဒီကျနေတဲ့ Movement နောက်ကို ဘယ်လိုလိုက်ရောင်းနိုင်ခဲ့မလဲဆိုတာ စဉ်းစားကြည့်ပါ။

ကိုယ်ဖြစ်စေချင်တဲ့ Direction ကို Market က သွားပေးဖို့ မမျှော်လင့်ပါနဲ့။

Market က သွားနေတဲ့ Direction ကို ကိုယ်ဘယ်လိုနားလည်ပြီး လိုက်လျောညီထွေ ဆုံးဖြတ်နိုင်မလဲဆိုတာကိုပဲ အရင်လေ့ကျင့်ပါ။

ဒီအတွေးလေး ပြောင်းနိုင်ရင်ကို Trading အပေါ် ခင်ဗျားရဲ့ ချဉ်းကပ်ပုံတွေ အများကြီး ပြောင်းလဲသွားနိုင်ပါတယ်။

နောက်ဆုံးအနေနဲ့ ပြောချင်တာက—

ရေဆန်ကို အားစိုက်ပြီး ကူးခတ်တာကလည်း ကြိုးစားမှုတစ်ခုပါပဲ။

ဒါပေမဲ့ ရေစုန်က ကိုယ်သွားချင်တဲ့ ဦးတည်ရာကို စီးဆင်းနေတယ်ဆိုရင် ရေစုန်နောက်ကို ပေါ့ပေါ့ပါးပါး လိုက်ပါသွားတတ်ဖို့လည်း လိုပါတယ်။

Trading မှာ Market ကို အနိုင်ယူဖို့ထက် Market နဲ့အတူ ဘယ်လိုလိုက်ပါရမလဲဆိုတာ သင်ယူတတ်ဖို့က ပိုအရေးကြီးပါတယ်။

Market ကို ကိုယ့်အမြင်နောက် လိုက်ခိုင်းနေတာထက် ကိုယ့်အမြင်ကို Market ရဲ့အခြေအနေနဲ့အညီ ပြောင်းလဲတတ်ဖို့ ကြိုးစားပါ။