ငွေရှာနည်းသိပေမဲ့ ငွေမရှာတတ်သေးတဲ့ Trader တွေ
“Risk to Reward 1:3 ရနိုင်တဲ့ Trade Setup မျိုးပဲ ရအောင်ကြိုးစားကြည့်…”
ဒါပဲလား။
ဒီနေရာမှာ ကျနော် Trading စလုပ်တုန်းက အတွေးတစ်ခုကို ပြန်မျှဝေချင်ပါတယ်။
အဲဒီအချိန်တုန်းက Trading ကို ကျနော်မြင်ခဲ့တဲ့ အခွင့်အလမ်းက ရိုးရိုးလေးပါပဲ။
အရောင်းအဝယ်တစ်ခုမှာ တစ်သိန်းဆုံးရှုံးနိုင်ခြေယူပြီး သုံးသိန်းမြတ်နိုင်တယ်ဆိုရင် အဲဒီလို Trade သုံးခုလောက် အောင်မြင်အောင်လုပ်နိုင်ရင် ကိုးသိန်းရနိုင်တာပဲလို့ တွေးခဲ့ဖူးတယ်။
နောက်ပိုင်းမှာလည်း $100 Risk ယူပြီး $300 ရနိုင်တဲ့ Setup ကို ရှာနိုင်ပြီဆိုရင် $1,000 Risk ယူလိုက်ရုံနဲ့ $3,000 ရနိုင်တာပဲလို့ တွက်ခဲ့ဖူးပါတယ်။
သင်္ချာအရတော့ မှန်ပါတယ်။
ဒါပေမဲ့ လက်တွေ့ Trading မှာတော့ အဲဒီလောက် မရိုးရှင်းခဲ့ပါဘူး။
$100 Risk ယူထားတဲ့ Trade တစ်ခုမှာ Floating Loss $50 ဖြစ်နေတာကို ကျနော်တို့ အေးအေးဆေးဆေး ကြည့်နေနိုင်တယ်။
ဒါပေမဲ့ အဲဒီ Setup တစ်ခုတည်းကိုပဲ $1,000 Risk ယူလိုက်တဲ့အခါ Floating Loss $500 ဖြစ်နေတာကို မြင်ရတော့ စိတ်က မတူတော့ဘူး။
Market Structure မပြောင်းသေးဘူး။ Strategy လည်း မပြောင်းဘူး။ Entry Condition တွေလည်း အတူတူပဲ။
ပြောင်းသွားတာက ငွေပမာဏနဲ့ အဲဒီငွေအပေါ် ကျနော်တို့ထားတဲ့ စိတ်နေသဘောထားပါပဲ။
အရင်က စိတ်ရှည်ရှည်နဲ့ စောင့်နိုင်ခဲ့တဲ့ Trade ကို အခုတော့ စောစောပိတ်ချင်လာတယ်။
အရင်က လက်ခံနိုင်ခဲ့တဲ့ Stop Loss ကို အခုတော့ မထိစေချင်တော့ဘူး။
အမြတ်နည်းနည်းပေါ်လာတာနဲ့ ပြန်ပျောက်သွားမှာစိုးလို့ ပိတ်လိုက်တယ်။ အရှုံးပေါ်လာရင်တော့ ပြန်တက်လာမလားဆိုပြီး မပိတ်နိုင်တော့ဘူး။
နောက်ဆုံးမှာ Strategy က မူလအတိုင်းရှိနေပေမဲ့ ကျနော်တို့ရဲ့ ဆုံးဖြတ်ချက်တွေက တဖြည်းဖြည်း ပြောင်းလဲသွားပါတယ်။
အဲဒီအချိန်မှာ ကျနော် သဘောပေါက်လာတာတစ်ခုရှိတယ်။
Trader တစ်ယောက်အတွက် ငွေရှာနိုင်တဲ့နည်းလမ်းကို သိထားတာနဲ့ အဲဒီနည်းလမ်းကနေ ရလာမယ့်ငွေကို စနစ်တကျ ကိုင်တွယ်နိုင်တာက မတူဘူးဆိုတာပါပဲ။
ကျနော်တို့ထဲမှာ Trade Setup ကောင်းတွေကို ရှာနိုင်တဲ့သူတွေ အများကြီးရှိပါတယ်။
Risk to Reward တွေကိုလည်း တွက်တတ်ကြတယ်။ Market Structure တွေကိုလည်း နားလည်ကြတယ်။
ဒါပေမဲ့ Risk ပမာဏကို တိုးလိုက်တဲ့အချိန်မှာ အဲဒီ Risk ကို စိတ်ပိုင်းဆိုင်ရာအရ တကယ်လက်ခံနိုင်ဖို့ မပြင်ဆင်ထားမိကြဘူး။
$100 ဆုံးရှုံးနိုင်ခြေကို လက်ခံနိုင်တာနဲ့ $1,000 ဆုံးရှုံးနိုင်ခြေကို တည်တည်ငြိမ်ငြိမ် လက်ခံနိုင်တာက မတူပါဘူး။
အဲဒီကွာခြားချက်ကို မသိဘဲ အမြတ်ရနိုင်ခြေတစ်ခုတည်းကိုကြည့်ပြီး Risk တွေ တိုးလိုက်တဲ့အခါ ကိုယ့်ရဲ့ Trading Plan ကို ကိုယ်တိုင်ပြန်ဖျက်မိတတ်ပါတယ်။
ဒါကြောင့် ကျနော်အခုမြင်တာက Trading မှာ ပိုများတဲ့ငွေရှာဖို့ဆိုတာ Risk ကို တိုးလိုက်ရုံနဲ့ မပြီးပါဘူး။
အဲဒီ Risk ကို ကိုင်တွယ်နိုင်တဲ့ စိတ်ပိုင်းဆိုင်ရာအရည်အချင်း၊ စည်းကမ်းနဲ့ ငွေကြေးစီမံခန့်ခွဲမှုတွေပါ တစ်ပြိုင်နက်တည်း တိုးတက်လာဖို့ လိုပါတယ်။
တစ်ခါတလေ ကျနော်တို့ ငွေမရှာနိုင်သေးတာဟာ နည်းလမ်းမသိလို့ မဟုတ်ပါဘူး။
သိထားတဲ့နည်းလမ်းကို ငွေပမာဏကြီးလာတဲ့အချိန်မှာတောင် တည်တည်ငြိမ်ငြိမ် အသုံးချနိုင်တဲ့အဆင့်ကို မရောက်သေးလို့လည်း ဖြစ်နိုင်ပါတယ်။
ဒါကြောင့် RR 1:3 ရနိုင်တဲ့ Setup တွေကို ရှာဖို့ကြိုးစားပါ။
ဒါပေမဲ့ အဲဒီ Setup တွေကို ကိုယ်တကယ်လိုက်နာနိုင်မယ့် Risk ပမာဏနဲ့ Trading လုပ်တတ်ဖို့လည်း ကြိုးစားပါ။
ဘာလို့လဲဆိုတော့…
Trading မှာ ငွေဘယ်လောက်ရှာနိုင်မလဲဆိုတာကို တွက်တတ်ဖို့လိုသလို ငွေဘယ်လောက်ကို တည်တည်ငြိမ်ငြိမ် Risk ယူနိုင်သလဲဆိုတာကို သိဖို့ကလည်း အရေးကြီးလို့ပါပဲ။
Risk ကို တိုးဖို့ထက် Risk ကို ကိုင်တွယ်နိုင်တဲ့ Trader တစ်ယောက်ဖြစ်ဖို့ အရင်ကြိုးစားပါ။