အမြတ်ရတော့ “ငါတော်လို့”၊ ရှုံးတော့ “သူတို့ကြောင့်” လား?

သင်တန်းတက်လိုက်လို့၊ membership ဝင်လိုက်လို့၊ နည်းစနစ်အသစ်တစ်ခု သိသွားလို့ အမြတ်ရတဲ့သူ အလိုအလျောက် ဖြစ်မလာပါဘူး။

ဒါပေမဲ့ ပန်းတိုင်ကိုရောက်ဖို့ နည်းလမ်းလိုတယ်။ ပညာလိုတယ်။ လေ့ကျင့်မှုလိုတယ်။ အဲဒါကြောင့် သင်ယူနေကြတာပါ။ သင်တန်းကြေးပေးတာက သင်ယူခွင့်အတွက်ပါ။ အမြတ်ကို ကြိုဝယ်ထားတာ မဟုတ်ပါဘူး။

တချို့က ပြောကြတယ်။
“မင်းတို့ မြန်မာtrader တွေက ဘာမို့လို့လဲ။ ဘယ်လောက်တော်နေကြလို့လဲ” တဲ့။

ကျွန်တော်တို့ အရမ်းတော်နေပြီလို့ မပြောပါဘူး။ ဒါပေမဲ့ အရင်ကထက် တိုးတက်လာတယ်။ ကိုယ့်အမှားကို ပိုမြင်လာတယ်။ ဆုံးဖြတ်ချက်တွေကို ပိုစနစ်တကျ ချတတ်လာတယ်။ ကိုယ်လိုချင်တဲ့ပန်းတိုင်အတွက် ဆက်ကြိုးစားနေကြတယ်။

ကိုယ်မမြင်ဖူးတာနဲ့ အောင်မြင်နေတဲ့သူ မရှိဘူးလို့တော့ မဆုံးဖြတ်ပါနဲ့။

ကျွန်တော်တို့လည်း ဒီနယ်ပယ်ထဲကို ဆုံးရှုံးမှုမရှိဘဲ ရောက်လာကြတာ မဟုတ်ဘူး။ သိန်းရာချီ ရှုံးခဲ့ဖူးတယ်။ ဒါပေမဲ့ ရှုံးတိုင်း broker, advisor, educator နဲ့ တခြားသူတွေကို လိုက်အပြစ်တင်နေတာမျိုး မလုပ်ဘူး။

ဘာလို့လဲဆိုတော့ ဘယ်အချိန်ဝင်မလဲ၊ ဘယ်လောက်စွန့်စားမလဲ၊ ဘယ်အချိန်ရပ်မလဲဆိုတဲ့ ဆုံးဖြတ်ချက်တွေမှာ ကိုယ်တိုင်ပါဝင်ခဲ့လို့ပဲ။

သူများပြောတာကို နားထောင်ခဲ့တယ်ဆိုရင်တောင် ဘာကြောင့် ယုံခဲ့သလဲ၊ ဘာတွေစစ်ခဲ့သလဲ၊ မှားသွားရင် ဘယ်လောက်ဆုံးရှုံးနိုင်မလဲဆိုတာ ကိုယ့်ဘက်က ပြန်ဖြေရမယ်။

အမြတ်ရတော့ “ငါတော်လို့”၊ ရှုံးတော့ “သူတို့ကြောင့်” ဆိုတဲ့စိတ်နဲ့ ကိုယ့်အမှားကို မြင်ဖို့ ခက်ပါတယ်။

ဒါဆို ဘာလိုအပ်သလဲ။

သူများပေးတဲ့အချက်အလက်ကို မှန်မမှန် စစ်တတ်ဖို့၊ အထောက်အထားရှိမရှိ ကြည့်တတ်ဖို့၊ ကိုယ့်အခြေအနေနဲ့ ကိုက်မကိုက် ချိန်ဆတတ်ဖို့ လိုတယ်။ မသိသေးရင် မသိသေးဘူးလို့ လက်ခံပြီး မလုပ်ဘဲ နေနိုင်ဖို့လည်း လိုတယ်။

အဲဒါ ပညာပဲ။ အဲဒီပညာရဖို့ သင်ယူရတာပဲ။

ဖြည့်သင့်တဲ့ပညာကို မဖြည့်ဘဲ၊ ကိုယ်ခံနိုင်တာထက် ပိုစွန့်စားပြီး ဆုံးရှုံးသွားတဲ့နောက်မှာ သူများကို အပြစ်တင်နေရုံနဲ့ ဘာမှပြန်ကောင်းလာမှာ မဟုတ်ဘူး။

လိမ်လည်သူနဲ့ မမှန်မကန် အာမခံပြောဆိုသူတွေကတော့ သူတို့လုပ်ရပ်အတွက် တာဝန်ယူရမှာပဲ။ ဒါပေမဲ့ အဲဒီအချက်ကြောင့် ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ့်စွန့်စားမှုကို ပြန်စစ်ဖို့ မလိုတော့တာ မဟုတ်ဘူး။

ကိုယ့်အစား တစ်ယောက်ယောက် လာပြင်ပေးမယ့်နေ့ကို စောင့်နေလို့မရဘူးဗျ။ မသိတာကို ပြန်သင်ရမယ်။ မှားတာကို ပြင်ရမယ်။ ရပ်သင့်ရင် ရပ်ရမယ်။ ကိုယ့်ငွေအတွက် ကိုယ်စည်းကမ်းထားရမယ်။

ဒါက ဒီနယ်ပယ်တစ်ခုတည်းမှာ မဟုတ်ဘူး။ ဘယ်နယ်ပယ်မှာမဆို အတူတူပဲ။

အကူအညီယူလို့ရတယ်။ လမ်းညွှန်မှုယူလို့ရတယ်။ ဒါပေမဲ့ ကိုယ့်ဘဝအတွက် ကိုယ်ယူရမယ့်တာဝန်ကို သူများဆီ အကုန်လွှဲထားလို့တော့ မရဘူး။